လူသားတိုင်းအတွက်ပန်းချီအနုပညာ



တစ်ခါတုန်းက မက်ဒီဘမ့်ကျွန်းကလေးပေါ်မှာ မာဂရက်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ လက်ထဲမှာ သူဆွဲထားတဲ့ ပန်းချီစာ ရွက်လေးကိုင်ပြီး ငိုကြီးချက်မနဲ့ ကျောင်းကနေ အိမ်ကိုပြန်လာတယ်။ သူရေးဆွဲထားတဲ့ စုန်းမကြီး တစ်ပတီရဲ့ လေရဟတ်အိမ်ကြီး ကို ကောင်လေးတစ်ယောက်က ပြက်ရယ်ပြုရင်း “နင်ဆွဲထားတဲ့ပုံက ကြောက်စရာကြီး နင်ဘယ်တော့မှ ပန်းချီဆရာမ မဖြစ်နိုင်ပါ ဘူး “ လို့ပြောလိုက်တယ်လို့ သူမက ၀မ်းနည်းနေတဲ့မျက်နှာလေးနဲ့ သူ့အမေကိုပြောပြတယ်။

“အငိုတိတ်ပါသမီးရယ် သူမှားပြောတာပါ သမီးပုံလေးကကောင်းသားပဲ။”လို့အမေကဆိုတော့  “အမေကသမီးအမေဆိုတော့ ဒီလိုပဲပြောမှာပေါ့”လို့ မာဂရက်ကငိုမဲ့မဲ့နဲ့ပြန်ပြောတယ်။ “သမီးပုံလေးကတကယ် ကြည့်လို့ကောင်းပါတယ်။ ကဲဒါဆို စုန်းမကြီး တစ်ပတီကို သွားပြကြည့်မယ် သူဘာပြောမလဲလို့” ဆိုပြီး မာဂရက်နဲ့ သူမအမေဟာ စက်ဘီးကလေးစီးပြီး တစ်ပတီဆီကို ထွက် လာခဲ့ကြတယ်။

စုန်းမကြီးတစ်ပတီက မာဂရက်ရဲ့ပုံကိုကြည့်ရင်း အားရပါးရပြုံးပြီး “သိတ်လှတဲ့ပုံလေးပဲ မာဂရက် မင်းကတကယ်တော်တဲ့ ပန်းချီ ဆရာမကြီးပဲ” လို့ပြောလိုက်တယ်။ မာဂရက်ဟာ အနည်းငယ်စိတ်သက်သာရာရသွားပြီး “ဒါ တစ်ပတီရဲ့ လေရဟတ်အိမ်ပုံဟုတ် တယ်ပေါ့၊ ကျောင်းကကောင်လေးက ဒီပုံကြီးကကြောက်စရာကြီးတဲ့” “မဟုတ်မဟတ်တွေ လျှောက်ပြောကြတာ ပန်းချီအနုပညာ ဟာ ပန်းချီအနုပညာပဲပေါ့၊ ငါတို့အားလုံး အရာဝထ္ထုတွေကိုမြင်ကြတဲ့ အမြင်တွေတစ်ယောက်နဲ့တစ်ယောက်မတူညီကြသလို ငါ တို့ဘာတွေမြင်သလဲဆိုတာ လူတွေကိုဖော်ပြရာမှာလဲကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်နည်းလမ်းနဲ့ကိုယ် ရှိကြတာပဲ၊ မင်းဆွဲထားတဲ့ ငါ့ရဲ့အိမ်ကို ငါသဘောကျတယ် “ လို့တစ်ပတီက ပြောလိုက်တယ်။

တစ်ချို့လူတွေကသူတို့ရဲ့ပုံရေးဆွဲခြင်း၊ ဆေးရောင်ချယ်ခြင်းတွေကို အများကြီးလေ့ကျင့်ပြီးကျွမ်းကျင်တိုးတက်ခဲ့ကြတယ်။ ဒါဟာ သူတို့ရဲ့အနုပညာက မင်းရဲ့အနုပညာထက် ပိုကောင်းတယ်လို့မဆိုသာဘူး၊ လူတွေမတူညီကွဲပြားကြပြီး ပန်းချီအနုပညာဟာ လူတိုင်းအတွက်ဖြစ်တယ်။ “ငါမင်းတို့နားလည်အောင်ပြမယ်၊ လက်ကိုကိုင်ထား၊ “ လို့တစ်ပတီကပြောပြီး သူ့ရဲ့မှော်တုတ်တံကို လေထဲ မြှောက်ဝဲလိုက်တယ်။ အဲဒီအချိန်သူတို့မျက်လုံးတွေဟာ လင်းချီမှတ်ချီ ဖြစ်သွားပြီး တစ်ပတီ၊ မာဂရက်နဲ့သူ့အမေတို့ဟာ လေရဟတ်အိမ်ကနေပျောက်သွားပြီး ငါးဖမ်းလှေတစ်စင်းရှိတဲ့ ပင်လယ်ကမ်းစပ် နားမှာဘွားကနဲပေါ်လာတယ်။ အဲဒီက ခုံရှည် လေးပေါ်မှာ ထိုင်နေတဲ့သူတစ်ယောက်ကိုတွေ့တယ်။ အဲဒီလူဟာ တံငါသည်နှစ်ယောက် လှေပေါ်မှာငါးမျှားနေပုံကို ပန်းချီရေးဆွဲ နေတယ်။ “အဲဒီလူဟာ ငါ့ရဲ့သူငယ်ချင်း အန်ကယ်ဒေါ့ပဲ၊ သူကရေဆေးပန်းချီဆရာကြီးပေါ့” တစ်ပတီကလေသံတိုးတိုးလေး နဲ့ ပြောပြတယ်။ အန်ကယ်ဒေါ့က ကြားပြီးနောက်ပြန်လှည့်ကြည့်ရင်း “မင်္ဂလာပါ မိန်းခလေးတို့ “ လို့နှုတ်ဆက်တယ်။

တစ်ပတီက မာဂရက်နဲ့ သူ့အမေကို အန်ကယ်ဒေါ့နဲ့မိတ်ဆက်ပေးပြီး မာဂရက်ရဲ့ပန်းချီကားကို ပြလိုက်တယ်။ “ ကောင်းလိုက်တာ” လို့ပြောရင်း ပန်းချီကားကိုသေချာကြည့်ပြီး “ တစ်ပတီရဲ့ ဥယာဉ်ထဲက ပန်းပေါင်းစုံနဲ့ ကောင်းကင်းကနေရောင်ခြည် လှပစွာဖြာကျ နေပုံရှုထောင့်လေးကိုယူပြီးဆွဲထားတာငါ ကြိုက်တယ်” ပန်းချီအနုပညာဟာ ပျော်ရွှင်ဖို့ကောင်းတယ်မို့လား” လို့ဆက်ပြောတယ်။ အားလုံးခေါင်းပြိုင်တူငြိမ့်လိုက်ကြတယ်။ “ဒီကိုကြည့်ကြစမ်း” လို့အန်ကယ်ဒေါ့ကဆိုရင်း” မင်းတို့အားလုံးငါနဲ့အတူ ဒီမှာလာထိုင်ပြီး ပန်းချီဆွဲကြပါလား၊ ငါ့မှာပန်းချီဆွဲမယ့်ပစ္စည်းတွေ အပိုအများကြီးပဲ၊ မင်းတို့ကြိုက်တာယူဆွဲကြ” လို့ပြောလိုက်တယ်။

မာဂရက်ရဲ့အမေက “ ကျွန်မမှကောင်းကောင်းမဆွဲတတ်တာ ကျန်တဲ့သူတွေ ဆွဲကြ ကျွန်မကကြည့်မယ်” လို့ပြောလိုက်တယ်။ လျှောက်ပြောမနေစမ်းပါနဲ့ “ လို့တစ်ပတီက ရောင်စုံခဲတံတွေရှာရင်းနဲ့ ပြောတယ်။ ဆက်ပြီး “မင်းဆွဲနိုင်ပါတယ်၊ ငါကတော့ရောင် စုံခဲတံပဲယူမယ်၊ မာဂရက်မင်းကော” လို့မေးလိုက်တယ်။ မာဂရက်ကရောင်စုံမာကာကိုရွေးယူပြီး မာဂရက်အမေက ရောင်စုံမြေဖြူ အနည်းငယ်ကိုကောက်ယူလိုက်တယ်။  ပြီးတော့သူကလေးဘ၀တုန်းကအရုပ်ဆွဲသလို ဟိုခြစ်ဒီခြစ်ရေးလိုက်တယ်။ဒီလိုနဲ့ အားလုံး ဟာအရုပ်ဆွဲလိုက် ဆေးရောင်ခြယ်လိုက်နဲ့ အချိန်အားမရှိအလုပ်ရှုပ်နေကြတော့တယ်။ သူတို့တွေဟာ တကျွိကျွိနဲ့ ခေါင်း ပေါ်ကနေပျံသန်းသွားလာနေကြတဲ့စင်ရော်ငှက်အော်မြည်သံနဲ့၊ ငါးဖမ်းလှေနဲ့ ကျောက်ဆောင်တွေကို ဖြေးညှင်းစွာရိုက်ခတ်နေတဲ့ လှိုင်းပုတ်သံတွေကိုနားထောင်ကြရင်း ငါးနံ့၊ ပိုက်ကွန်နံ့၊ ပင်လယ်ပြင်ရဲ့ အနံ့အသက်တွေကို ရှုရှိက်ခံစားကြရင်း သူတို့တွေရဲ့ ကြီး ကျယ်မြင့်မြတ်တဲ့ အချိန်လို့မှတ်ထင်နေကြတယ်။

နေ့လည်မွန်းလွှဲကျော်လာတဲ့အချိန်မှာ၊ အနီးနားအိမ်က ချက်တဲ့ ညစာဟင်းနံ့လေးရလာတော့ ပန်းချီဆွဲနေတဲ့သူတို့ ဆာလောင် မွတ်သိပ်လာလို့ အဲဒီနေ့အတွက်အလုပ်နားကြဖို့ သဘောတူလိုက်ကြတယ်။ သစ်သားပြားဟောင်းတစ်ချက်ပေါ်မှာ သူတို့ရေးဆွဲ

ထားတဲ့ပန်းချီးကားတွေကို ချိတ်လိုက်ပြီး နောက်ပြန်ဆုတ်ရင်း သူတို့တစ်ယောက်ခြင်းစီ ဆွဲပြီးသွားတဲ့ပုံတွေကို ကြည့်လိုက်ကြတယ်။ တစ်ပုံနဲ့တစ်ပုံ မတူကြဘူး၊ သူတို့အားလုံးကြည့်မြင်ခဲ့ကြတာတွေကအတူတူပါပဲ၊ လှေတစ်စင်း၊ တံငါသည် နှစ်ယောက်၊ ပင်လယ်ပြင်၊ ကောင်းကင်နဲ့နေရောင်ခြည် အားလုံးအတူတူပါပဲ။ ဒါပေမဲ့ သူတို့ရေးဆွဲထားတဲ့ပန်းချီးပုံတွေက မတူ ညီတဲ့ကိုယ်ပိုင်အတွေးအခေါ် အယူအဆ အမြင်ရှုထောင့်စုံက နေရေးဆွဲခဲ့ကြတယ်။

ကြည်နူးဖို့ကောင်းလိုက်တာ “ လို့တစ်ပတီကဆိုတယ်။ အားလုံးကအရမ်းစိတ်ဝင်စားနေကြတယ်၊၊ “အရမ်းပျော်ဖို့ကောင်းလိုက် တာ” လို့မာဂရက်ရဲ့အမေကဆိုတယ်။ “တွေ့တယ်မို့လား၊ မင်းတို့အားလုံး ပန်းချီပညာရှင်တွေပဲ” လို့အန်ကယ်ဒေါ့ကဆိုတယ်။ “ဟုတ်တယ် ကျွန်မတို့အားလုံး ပန်းချီအနုပညာရှင်တွေပဲ” လို့ မာဂရက်ကသူ့အမေလက်ကို ကိုင်ဆွဲရင်းဂုဏ်ယူစွာနဲ့ပြောလိုက် တယ်။ ဒီလိုနဲ့ အဲဒီနေ့ကစပြီး မာဂရက်နဲ့ သူ့အမေဟာ ပန်းချီကားပေါင်းများစွာကို ပျော်ရွှင်စွာနဲ့ရေးဆွဲခဲ့ကြတယ်။ သူတို့ရေးဆွဲ တဲ့ပန်းချီကားတွေကို တခြားသူတွေရဲ့အထင်မှာ ကောင်းမလားဆိုးမလားဆိုတာ ဂရုမစိုက်မိတော့ဘူးတဲ့ ဘာကြောင့်လဲဆိုတော့ ဒါကအရေးမကြီးဘူးဆိုတာ သူတို့သိသွားခဲ့ကြပြီလေ။